Friday 6 November 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မကွေးတိုင်းဒေသကြီးအတွင်းရှိ စလင်း၊ စေတုတ္တရာ၊ ငဖဲ၊ မင်းတုန်းနှင့် ကံမမြို့နယ်တို့မှ ဒေသခံပြည်သူများအား တွေ့ဆုံ





နေပြည်တော် နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ ဒုတိယ၀န်ကြီးများနှင့်အတူ ယနေ့ နံနက် ၇ နာရီခွဲတွင် မကွေးမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ စလင်းမြို့နယ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား မင်းဘူး-စလင်းလမ်းပေါ်ရှိ တောစိမ့်-ကျစ်ကန်-ကူတို-ကူဖြူ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ မှ ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် စလင်းမြို့ ရှင်ပင်ရွှေတန်ဆာ စေတီတော်အား ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ် လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် စေတီတော်ဓမ္မာရုံ၌ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ဒေသခံ ပြည်သူများအား တွေဆုံအမှာစကား ပြောကြားသည်။
ထို့နောက် စလင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက စလင်းမြို့နယ်အတွက် ဘုရားဆင်းတုတော်များနှင့် ဆိုလာမီးအိမ်တို့ကို ပေးအပ်ပြီး စေတီတော် အတွက် အလှူငွေများကို ပေးအပ် လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် စလင်းမြို့ ၀က်သည်းကန်သို့ ရောက်ရှိပြီး ရွှေမုဌောဘုရားအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတအား  ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၀က်သည်းကန် ပြန်လည်ပြုပြင်နိုင်ရန်အတွက် လေ့ လာတွေ့ရှိချက် များကို ရှင်းလင်း တင်ပြသည်။
အဆိုပါ ၀က်သည်းကန်ကို ရှေးမြန်မာမင်းများ လက်ထက်က တူးဖော်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထိန်းသိမ်းထားရှိသည်။ ယင်းကန်မှ အိမ်ခြေ (၂၀၀၀) ကျော်အတွက် သောက်သုံးရေ အသုံးပြုလျက်ရှိပြီး ပိုလျံသည့် ရေများကို စိုက်ပျိုးမြေဧက (၃၈၀) အတွက် ပေးဝေလျက်ရှိသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် စလင်းမြို့ ရုပ်စုံကျောင်းတော်သို့ ရောက်ရှိပြီး ကျောင်းတော်အတွင်း ကြည့်ရှုကာ ဆရာတော် ဘဒ္ဒန္တဥာဏအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများကို ဆက်ကပ်သည်။
အဆိုပါရုပ်စုံ ကျောင်းတော်ကြီးကို ၁၈၆၈ ခုနှစ်က သူကောင်းမ ဒေါ်ပုက ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ကျွန်းတိုင် ၂၄၅လုံးဖြင့် တည်ဆောက်ထားရှိသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ပြီး စေတုတ္တရာမြို့နယ်သို့ ရောက်ရှိ ကြရာ ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ထို့နောက် စေတုတ္တရာမြို့  မြို့နယ်သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တမဏ္ဍလ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝထ္တု ပစ္စည်းများ ဆက်ကပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည်  မိုးကုတ်ဓမ္မရိပ်သာ ဓမ္မာရုံ၌ မြို့မိမြို့ဖများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား တွေဆုံပြီး အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌက မြို့နယ် အတွက် လိုအပ်ချက်များကို တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက စေတုတ္တရာမြို့နယ်အတွက်ဘုရား ဆင်းတုတော်များနှင့် ဆိုလာမီးအိမ် တို့ကို ပေးအပ်ပြီး စေတီတော် အတွက် အလှူငွေများကို ပေးအပ် လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး ငဖဲမြို့နယ်သို့ ရောက်ရှိကြရာ ဒေသခံ ပြည်သူ များက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ငဖဲမြို့ရှိ ပုဂ္ဂိုလ်ထူးစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် စေတီတော်ဓမ္မာရုံ၌ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများအား တွေဆုံပြီး အမှာစကားပြောကြားသည်။
ယင်းနောက် ငဖဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌက မြို့နယ် အတွက် လိုအပ်ချက်များကို တင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ငဖဲမြို့နယ်အတွက် ဘုရားဆင်းတုတော်များနှင့် ဆိုလာ မီးအိမ်တို့ကို ပေးအပ်ပြီး စေတီတော်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ပြီး မင်းတုန်းမြို့နယ်သို့ ရောက်ရှိ ကြရာ ဒေသခံ ပြည်သူများက တစ်ခဲနက် ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မင်းတုန်းမြို့ ဘုရားသုံးဆူ ဓမ္မာရုံ၌မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား တွေဆုံပြီး အမှာစကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက စေတီတော်အတွက် အလှူငွေများကို လှူဒါန်းပြီး ဘုရား ဆင်းတုတော်များနှင့် ဆိုလာမီးအိမ် တို့ကို ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး ကံမမြို့နယ်သို့ ရောက်ရှိကြရာ ဒေသခံပြည်သူ များက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကံမမြို့သာသနာ့ဗိမာန်တော်၌ ကံမမြို့နယ်မှ ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ၀ထ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
နိုင်ငံတော်သမ္မတသည်  စလင်း၊ စေတုတ္တရာ၊ ငဖဲ၊ မင်းတုန်းမြို့နယ်တို့မှ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ်ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထူးကဲ မိုးရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျံမှု ဖြစ်ပွားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် လိုအပ်ချက်များကို ထပ်မံ ဖြည့်ဆည်း ပေးရန်အတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း။
ထို့ပြင် စေတုတ္ထရာ၊ ငဖဲ၊ မင်းတုန်း၊ ကံမမြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သော်လည်း မိမိ တစ်ကြိမ် တစ်ခါမျှ ရောက်ရှိခြင်း မရှိသေးသည့် အတွက် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လေ့လာရန်နှင့် လိုအပ်သည်များ ထပ်မံ ဖြည့်ဆည်းပေး ရန် လာရောက်ခြင်းဖြစ်ကြောင်း။
မိမိတို့ အစိုးရလက်ထက်တွင် ဤဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်အောင်၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေး ရရှိအောင်၊ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့်အတွက် အခြေခံကောင်းများ ရှိနေပြီဖြစ်ကြောင်း၊ ထိုအခြေခံကောင်းများကို အသုံးချပြီး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မိမိတို့အစိုးရတာဝန်ယူချိန်တွင် ပြည်သူ့ဆန္ဒနှစ်ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်ရန် အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စသည့် ပြုပြင်ပြောင်းလဲရေး လေးရပ်ကို အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့ပါကြောင်း။
ထိုပြုပြင်ပြောင်းလဲရေး၏ ရလဒ်များကိုလည်း ပြည်သူများလက်တွေ့ ခံစားနေကြရပြီ ဖြစ်ကြောင်း၊ အောင်မြင်မှုများ ရရှိသကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ကျန်ရှိနေကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု များကို တစ်ဆင့်ပြီး တစ်ဆင့် ဂရုပြုဆောင်ရွက်ခဲ့သည့်အတွက် အရှေ့အလယ်ပိုင်းမှ ဒီမိုကရေစီ အသွင်ကူးပြောင်း ခဲ့သည့် နိုင်ငံများတွင် ရင်ဆိုင်နေရသည့် အကြမ်းဖက် တိုက်ခိုက်မှုများ၊ နိုင်ငံ ပြိုကွဲမည့် အခြေအနေများ၊ သိန်းနှင့်ချီသည့် ဒုက္ခသည် ပြဿနာများကို ရှောင်လွှဲနိုင် ခဲ့ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တည်ငြိမ်အေးချမ်းစွာအကောင် အထည်ဖော်နိုင်ခဲ့ခြင်းသည် နိုင်ငံနှင့် ပြည်သူများ ၏ အောင်ပွဲပင် ဖြစ်ကြောင်း။
မိမိတို့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ ကျန်ရှိနေသော်လည်း မူလစတင်ခဲ့သည့် ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲတိုးတက်ခဲ့ပြီဆိုသည်ကို ပြည်သူများကရော၊ နိုင်ငံတကာကပါ အသိအမှတ်ပြုထားပြီး ဖြစ်ကြောင်း။
အနာဂတ်တွင် ဒ်ီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများသည် မိမိတို့ နိုင်ငံအတွက် အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ပြည်သူများက စိတ်ဝင်စားသကဲ့သို့ နိုင်ငံတကာကလည်း အလေး ထားစောင့်ကြည့်နေကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတကာ အဖွဲ့အစည်းများက မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲများ ကျင်းပရန် လုံလောက်သည့် ဒီမိုကရေစီ အတွေ့အကြုံများ မရှိဟု ယူဆပြီး အကဲခတ် အဖွဲ့များ စေလွှတ်လေ့လာလျက် ရှိပါကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပ နိုင်ခြင်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာပင်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ဒီမို ကရေစီစနစ်အား မိမိတို့ စွမ်းအားဖြင့် ဖော်ဆောင်နိုင်စွမ်းရှိသည်ကို ရွေးကောက်ပွဲဖြင့် သက်သေပြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏ ဆန္ဒအတိုင်း လွတ်လပ်စွာ မဲပေးနိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိအောင်၊ လုံခြုံမှုရှိအောင် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည်ကံမမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

No comments:

Post a Comment