Wednesday 4 November 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားမြို့နယ်တို့မှ ဒေသခံ ပြည်သူများအား တွေ့ဆုံ




နေပြည်တော် နိုဝင်ဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် အထူး လေယာဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြရာ ပြည်နယ် ခေတ္တ၀န်ကြီးချုပ် ဦးမြအောင်၊ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ပြီး မြောက်ဦးမြို့သို့ ရောက်ရှိကြ ရာ ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာ ဘဒ္ဒန္တ အရိယာဝံသ အား ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် မြောက်ဦးမြို့ မဟာပညာကျော်စေတီတော် ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက် ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိသတ်တို့က မြောက်ဦးမြို့ မဏိရတနာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသောမ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။    
ထို့နောက် နိုင်ငံတော်သမ္မတက မဏိရတနာကျောင်းတိုက် ဆရာတော်ထံ ရတနာ စိန်ဖူးတော်၊ ဘုရားဆင်းတုတော်နှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလိုတော်ပြည့်ကျောင်း ဆရာတော်ထံ   ငှက်မြတ်နားတော်၊ ဘုရား ဆင်းတုတော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး  ပြည်ထောင်စုဝန်ကြီးများက လှူဖွယ်ပစ္စည်းများကို ဆရာတော်၊ သံဃာတော် များထံ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အလိုတော်ပြည့်ကျောင်း ဆရာတော်ထံ ဘုရား ဆင်းတုတော် အဆူ (၅၀) နှင့် ဆိုလာမီးအိမ် (၅၀) တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပရိသတ်များက အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်ထံမှ တရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ်များက  ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို အမွှေးနံ့သာရည်တို့ဖြင့် ပက်ဖျန်း ပူဇော်ကြကာ လက်ဆင့်ကမ်း ပင့်ဆောင်ကြပြီး ပရိသတ်များက စေတီတော်အထွတ်တွင် တင်လှူပူဇော်ကြသည်။   
ထို့နောက် နိုင်ငံတော်သမ္မတက ရတနာစိန်ဖူးတော်ကို ပင့်ဆောင်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ စေတီတော် အထွတ်တွင် တင်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ဘူးရွက်မညိုးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာရအား ကထိန်လျာသင်္ကန်းကို ဆက်ကပ် လှူဒါန်းသည်။
အဆိုပါ မဟာပညာကျော်စေတီတော်မှာ မြောက်ဦးမြို့ နန်းတော်ကုန်း၏ အနောက်ဘက် ကိုးတန့်စေ့စေတီ မြို့ဦးခေါင်းတောင် ၏ အောက်ဘက် မဟာပညာကျော် အိမ်တော်ရာကြီး အတွင်း၌ တည်ရှိသည်။
မဟာပညာကျော် အမတ်ကြီးသည် မြောက်ဦးခေတ် မင်းဗာဘုရင်လက်ထက်မှ မင်းရာဇာကြီး လက်ထက်အထိ မင်းတိုင်ပင် အမတ်ကြီး အဖြစ် ထင်ရှားခဲ့ပြီး ၄င်းနေထိုင် ခဲ့သော အိမ်တော်ရာဝင်းအတွင်း၌ ကောဇာသက္ကရာဇ် (၉၆၂) ခုနှစ်၊ အေဒီ (၁၆၀၀) ပြည့်နှစ်တွင် မင်းရာဇာကြီးက တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လွှတ်တော် ကိုယ်စား လှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူကော်မတီ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖ များနှင့် ဒေသခံ ပြည်သူများအား တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ပြီးခဲ့သည့် သြဂုတ်လ (၆) ရက်နေ့က မြောက်ဦးမြို့နှင့် ပတ်ဝန်းကျင်ဒေသ များတွင် ရေကြီးရေလျှံမှုကြောင့် သဘာဝ ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို ကူညီထောက်ပံ့ မှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် မိမိကိုယ်တိုင် လာရောက်ခဲ့ပါကြောင်း၊
ထိုအချိန်က ရေဘေးသင့်ပြည်သူများကို ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် လတ်တလော ကူညီထောက်ပံ့ မှုများ ဆောင်ရွက်ရန်၊ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိစေရန်နှင့် ရေရှည်တွင် မူလအနေအထားထက် ပိုမို သာလွန်သည့် အခြေအနေကို တည်ဆောက်နိုင် ရန် အတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ် များကို ပေါင်းစပ် ညှိနှိုင်းဆောင် ရွက် ပေးခဲ့ကြောင်း၊
ယခုအကြိမ်တွင် လုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးမှုကို သိရှိနိုင်ရန်နှင့် လိုအပ်သည် များ ကူညီပံ့ပိုးပေးရန် ထပ်မံ လာရောက်ခြင်း ဖြစ်ပါကြောင်း၊
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး မိုးစပါးများကိုလည်း ရာခိုင်နှုန်းပြည့်နီးပါး ပြန်လည် စိုက်ပျိုးနိုင်သည်ကို တွေ့ရှိရသဖြင့် ၀မ်းမြောက် ၀မ်းသာ ဖြစ်ရပါကြောင်း၊
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံ၏ သုံးပုံ တစ်ပုံခန့်သည် သဘာဝဘေးဒဏ်ကို ပြင်းထန်စွာ ခံစား ခဲ့ကြရကြောင်း၊ သို့သော် အစိုးရ၊ တပ်မတော်နှင့် စေတနာရှင်ပြည်သူများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်း များ၏ ၀ိုင်းဝန်း ပူးပေါင်း ဆောင် ရွက်ခဲ့မှုကြောင့် မူလအခြေအနေနီးပါး ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ဆက်လက်ပြီး မူလ အခြေအနေထက် ပိုမိုကောင်းမွန်စေရန်၊ အနာဂတ်တွင် သဘာဝဘေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေရန်နှင့် ပျက်စီးဆုံးရှုံးမှု များကို လျှော့ချနိုင်ရန်အတွက် လိုအပ်သည့် အစီအမံများကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားရာတွင် မိမိတို့အစိုးရ တာဝန်ယူခဲ့သည်မှာ ငါးနှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူခဲ့သည့် သက်တမ်းတွင် ပြည်သူ့ဆန္ဒ နှစ်ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင် အထည်ဖော်နိုင်ရန် အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ စနစ်တစ်ခုမှ လုံးဝကွဲပြားခြားနားသည့် နိုင်ငံရေး စနစ်တစ်ခု သို့ ပြောင်းလဲဆောင်ရွက် ရာတွင် ခြေလှမ်းတိုင်း၊ အဆင့်တိုင်းကို သတိထားပြီး ဆောင်ရွက်ခဲ့သဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို သွေးထွက်သံယိုမရှိဘဲ တည်ငြိမ် အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း။
နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေး သည် နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် မတည်ငြိမ်မှုများဖြစ်ပွားပြီး နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်မည်ကို ပြည်တွင်း ပြည်ပမှ စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း။
ထို့ကြောင့် နိုင်ငံတကာမှ အကဲခတ်လေ့လာသူ တစ်ထောင်ကျော်နှင့် ပြည်တွင်းမှ အကဲခတ် လေ့လာသူ ကိုးထောင်ကျော်၊ စုစုပေါင်း တစ်သောင်းခန့်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ကြမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့၏ အသွင် ကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီမိုကရေစီအလေ့အကျင့်နှင့် အတွေ့အကြုံ နည်းပါးမှုအပေါ် ယုံကြည်မှုအားနည်းနေ၍ ဖြစ်ကြောင်း၊
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲကို လုံခြုံအေးချမ်းစွာ ကျင်းပနိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော် အစိုးရမှလည်း အစွမ်းကုန် ကူညီပံ့ပိုးပေးမည် ဖြစ်ရာ ပြည်သူများကလည်း ပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်က မြောက်ဦးခရိုင်အတွင်း ရေဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအား CB KMA Foundation မှ မြောက်ဦးမြို့နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်မှု အခြေအနေကို ဗွီဒီယို မှတ်တမ်းဖြင့် ပြသသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌက မြောက်ဦးမြို့နယ် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြောက်ဦးဒေသ ရေဘေးသင့် ပြည်သူများ နေထိုင်ရန် CB KMA Foundation မှ တည်ဆောက်ပေး ခဲ့သည့် ထမ္မရာဇ်ရွာသစ်မှ နေအိမ်များကို ကြည့်ရှုပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။
ဆက်လက်၍ ရေဘေးကြောင့်ပျက်စီးခဲ့သည့် မြောက်ဦး အခြေခံပညာ အလယ်တန်း ကျောင်းဆောင် ပြန်လည်ပြုပြင်ထားရှိမှု ကို ကြည့်ရှု သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် မြောက်ဦးမြို့မှ ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ကြပြီး မင်းပြားမြို့သို့ ရောက်ရှိကြရာ မြို့တွင်းလမ်းတစ်လျှောက်၌ ဒေသခံ ပြည်သူ များက သောင်းသောင်း ဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မင်းပြားမြို့နယ် ရာမောင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက နိုင်ငံတစ်ဝန်းလုံး၌ သဘာဝဘေးဒဏ် ကျရောက်ခဲ့မှု အခြေအနေနှင့် ကယ်ဆယ်ရေး၊ ကူညီထောက် ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မင်းပြားမြို့သို့ ဒုတိယအကြိမ် လာရောက်ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကို ကူညီပံ့ပိုးပေးမည့် အခြေအနေ၊ နိုဝင်ဘာ (၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အေးချမ်းလုံခြုံစွာ မဲဆန္ဒပေးနိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတစွှာ ကျင်းပနိုင်ရန် လိုအပ်သည့် အခြေအနေ၊ အစိုးရ သက်တမ်းငါးနှစ်အတွင်း ပြည်သူ့ဆန္ဒနှစ်ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်း မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နိုင်ရန် အတွက် နိုင်ငံရေး စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခဲ့မှု အခြေအနေ၊ မိမိတို့နှင့် တစ်ချိန်တည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းများ စတင်ခဲ့သည့် အရှေ့ အလယ်ပိုင်းနိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားပြီး သွေးချောင်း စီးနေသည့် အခြေနေများ၊ မိမိတို့၏ တည်ငြိမ်အေးချမ်းစွာဖြင့် အသွင် ကူးပြောင်းနိုင်ခဲ့သည့် အခြေအနေ သည် နိုင်ငံနှင့် ပြည်သူများ အတွက် ငြင်းဆန်၍ မရသည့် အောင်မြင်မှုများဖြစ်၍ ရရှိပြီးဖြစ်သော တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု များကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မင်းပြားမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ကြရာ စစ်တွေမြို့ သို့ ရောက် ရှိကြသည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေပွိုင့်သို့ သွားရောက်ကြပြီး ပွိုင့် ကမ်းခြေ အား နိုင်ငံတကာအဆင့်မီ ပြန်လည် ပြုပြင်နေမှုကို ကြည်ရှုကာ အပန်းဖြေလျက်ရှိကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတအား ဒေသခံရခိုင်တိုင်းရင်းသား ဗိသုကာပညာရှင် ဦးထွန်းကျော်က ပွိုင့်ကမ်းခြေ ပြန်လည် ပြုပြင်နေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ပွိုင့်ကမ်းခြေနေရာကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၁၅ ခုနှစ် ဇွန်လမှ စတင်၍ ငွေကျပ်သိန်း ၂ သောင်း အသုံးပြုပြီး ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် နိုင်ငံတကာ အဆင့်မီ ပညာရပ်များဖြင့် ပေါင်းစပ်ပြုပြင်လျက်ရှိရာ ၂၀၁၆ ဇန်နဝါရီလတွင် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြဂုတ်လ (၆) ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့၊ မြောက်ဦးမြို့နှင့် မင်းပြားမြို့များသို့ လည်းကောင်း၊ သြဂုတ်လ (၇) ရက်တွင် ဘူးသီးတောင် မြို့နှင့် ရသေ့တောင်မြို့များသို့ လည်းကောင်း သွားရောက်ခဲ့ပြီး ဆိုင်ကလုန်းမိုင်တိုင်း ကိုမန် ရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများ ဖြစ်ပွားခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေး၍ သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများ အတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များ ချမှတ်၍ မူလအနေအထားထက် ပိုမို သာလွန်သည့် အခြေအနေ ရရှိနိုင်ရန် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။

No comments:

Post a Comment