Saturday 7 November 2015

ဦးသန်းရွှေနဲ့ဇနီး ကြိုတင်မဲပေး

( ညောင်ပင်ကြီးစုကျေးရွာက မဲရုံမှူး ဦးကျော်ဆန်း ကို နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်)
 အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ဟာ ဒီနေ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာက မဲရုံ အမှတ် ၂ မှာ ကြိုတင်မဲပေးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၊ ဒုတိယသမ္မတဟောင်း သီဟသူရဦးတင်အောင်မြင့်ဦး တို့ရဲ့ နာမည်တွေ ပါတယ်လို့ ညောင်ပင်ကြီးစုကျေးရွာက မဲရုံမှူး ဦးကျော်ဆန်းက ပြောပါတယ်။

"မဲရုံ ၁၊ ၂၊ ၃ ရယ်ဆိုပြီးတော့မှ စည်ပင်ဌာနနဲ့ ကျနော်တို့ မဲရုံး ၃ ရုံရှိတဲ့အထဲမှာ မဲရုံ ၂ ထဲမှာ လူကြီးတွေပါတယ်ဆိုတာတော့သိတယ်၊ ဒါပေမဲ့ ကျနော်တို့ က အခုစာရင်းဇယားတွေအရ ဒီကနေ့ ၆ ရက်ရယ် ၇ ရက်ရယ်ပေးတဲ့ ကြိုတင်မဲတွေက ပုံစံ ၃ နဲ့ ၈ ရက်နေ့ကျမှ ကျနော်တို့ ပုံစံ ၃ နဲ့ကပ်မှာဗျ၊ လူကြီးတွေဆိုတာ လူမသိဘူး၊ အဲ့ဒီအထဲမှာ ကျနော်တို့ ဥပမာအားဖြင့်ဆိုရင် အဘ ဦးသန်းရွှေ ဆိုလို့ရှိရင်တော့ ဦးသန်းရွှေ ဘာညာဒါမျိုးလေးပဲပါတယ်၊ ဗိုလ်မှူးကြီးတွေမပါတဲ့အခါကျတော့ ကျနော်တို့လည်း အဲ့ဒီလောက်ကြီးတော့ မသိဘူး"

ပုဗ္ဗသီရိမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင်နဲ့ အန်အယ်လ်ဒီပါတီက ဦးတင်သစ်တို့ ယှဉ်ပြိုင်မှာဖြစ်ပြီး အဲ့ဒီမဲဆန္ဒနယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၇ သောင်းနီးပါး ရှိပါတယ်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲ့ဒီမဲရုံမှာပဲ ကိုယ်တိုင်ကိုယ်ကျ မဲပေးခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဇနီးဟာ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ အမှတ် ၅ အထက်တန်းကျောင်းက မဲရုံ အမှတ် ၁ မှာ မနက်ဖြန် လာရောက်မဲပေးကြမှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇေယျာသီရိမြို့နယ်က တပ်တွင်းမဲရုံမှာ မနက်ဖြန် မဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကတော့ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ဖြူးမြို့နယ် မဲဆန္ဒနယ်မှာ မဲပေးမှာဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပျော်ဘွယ်မြို့နယ်မှာ မနေ့က ကြိုတင်မဲပေးခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment