Sunday 18 October 2015

လူလူချင်း ရောင်းစားခံရခြင်းမှ ကင်းဝေးကြပါစေ

လူလူချင်း ရောင်းစားခံရခြင်းမှ ကင်းဝေးကြပါစေ
=================================

တိုးတက် ပြောင်းလဲ နေသော ယနေ့ခေတ်အခါသမယတွင် လူလူ ချင်းရောင်းစားခံရခြင်းမှ ကင်းဝေး ကြပါစေ၊ ဝိသမစီးပွားရေးသမား များ၏ လူမဆန်သောလူကုန်ကူးမှု၊ လူမှောင်ခိုမှုကြောင့် နှစ်စဉ် မသိ နားမလည်သော လူရာပေါင်းများစွာ ဒုက္ခနှင့် ကြုံတွေ့နေရသည်။ ရိုးသားမှုကို အခွင့်ကောင်းယူ ၍ လိမ်လည်လှည့်ဖြားခြင်းများနှင့် လူပွဲစားများ၏လူကုန်ကူးမှုကို ခံရ ခြင်းများပင်ဖြစ်သည်။ လူကုန်ကူး မှုကို များသောအားဖြင့် တရုတ် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများ သို့ အများဆုံး လူကုန်ကူးခံရသည်။ ထို့အပြင် ပြည်တွင်း၌လည်း လူကုန် ကူးမှုများ ဖြစ်ပွားလေ့ရှိသည်။ လူကုန်ကူးမှု အမျိုးအစားများမှာ အဓမ္မလက်ထပ်စေခိုင်းမှု၊ အဓမ္မ ခိုင်းစေမှု၊ ပြည့်တန်ဆာပြုခိုင်းစေမှု၊ ကလေးမွေးစားမှု၊ ကလေး ရောင်းစားမှုများဖြစ်သည်။
ယခုတလော ဆယ်ကျော်သက် ကျောင်းသား လူငယ်လေးများ ပျောက်ဆုံးမှုကို သတင်းစာ၊ ဂျာနယ် များတွင် ဖတ်ရှုနေရသည်။ သို့ဖြစ်၍ မြို့ကြီးများရှိ ကျောင်းများ၌ ကျောင်း ဆင်း၊ ကျောင်းတက်အကြိုအပို့များ တွင် အုပ်ထိန်းသူတစ်ဦးတစ်ယောက် ပါရှိရန် လိုအပ်ပေသည်။ သို့မှသာ မိမိတို့ရင်သွေးငယ်များအတွက် စိတ် အေးရမည်ဖြစ်ပြီး ကလေးခိုးမှု၊ ဆယ်ကျော်သက်များ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးမည်ဖြစ်သည်။ အဆိုပါ လူကုန်ကူးမှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံ များ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော် လည်း လူကုန်ကူးမှုများ ပျောက် ကွယ်သွားခြင်းမရှိပေ။
မြန်မာနိုင်ငံအနေဖြင့် ၁၉၉ဝ ပြည့်နှစ်မှစ၍ လူကုန်ကူးမှုပြဿနာ ကို သတိပြုခဲ့မိသည်။ ၁၉၉၅ ခုနှစ် (၄)ကြိမ်မြောက် ပေကျင်း ကမ္ဘာ့ အမျိုးသမီးများညီလာခံအပြီးတွင် လူမှောင်ခိုလူကုန်ကူးမှုပြဿနာအဖြစ် သတ်မှတ်ပြီး တိုက်ဖျက်ရန်စတင် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် လည်း ၁၉၉၇ ခုနှစ်တွင် လူကုန်ကူးမှု ကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်သတ်မှတ်ကာ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
လူမှောင်ခိုကူးမှု တားဆီး ကာကွယ်ရေးလုပ်ငန်းကော်မတီကို ၂ဝဝ၂ ခုနှစ်ဇူလိုင် ၁၇ ရက်တွင် ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး လူကုန်ကူးမှု လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ၂ဝဝ၃ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အနေ ဖြင့် ကြိုတင်ကာကွယ်ရေးဥပဒေဖြင့် အရေးယူရေး၊ လူကုန်ကူးခံရသူများ အား အကာအကွယ်ပေးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဖြင့် စနစ်တကျဆောင်ရွက်လျက် ရှိသည်။ ထို့အတူ ၂ဝဝ၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် နိုင်ငံ တကာ စံချိန်စံနှုန်းများနှင့်အညီ လူ ကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ သို့ဖြစ်၍ အာဆီယံဒေသအတွင်း လူကုန်ကူးခံရ သူများကို အကာအကွယ်ပေးခြင်းနှင့် လူကုန်ကူးခံရသူများစိစစ်ခြင်း ကိစ္စ များတွင် ယခင်ကထက် ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် လူငယ် များနှင့် အရပ်ဘက်အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိ သလို ကြိုတင်တားဆီးကာကွယ်ရေး ကဏ္ဍအနေဖြင့် တောရောမြို့ပါ အသိပညာပေးလုပ်ငန်းများကို နည်း အမျိုးမျိုးနှင့် လူငယ်ထုပါဝင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ အသိပညာ ပေးရုံဖြင့် ကြိုတင်တားဆီးကာကွယ် ရေးတွင် ပြည့်စုံလုံလောက်မှုမရှိသည့် အတွက် လူကုန်ကူးခံရနိုင်သည့် အကြောင်းတရားများ၊ လူကုန်ကူး မှု ဖြစ်ပွားသော နေရာများနှင့် လူကုန်ကူးခံရနိုင်သော ဦးတည် အုပ်စုများကို ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိသည်။
တစ်နည်းအားဖြင့် ရွှေ့ပြောင်း လုပ်သားများ လူကုန်ကူးမှုကင်းဝေးစေ ရန်အတွက် အလုပ်အကိုင်အခွင့် အလမ်းဖန်တီးပေးမှုအပိုင်းတွင် ပြည် တွင်း၌ အလုပ်အကိုင်ဖန်တီးပေး ရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိရန် အတွက် ပုဂ္ဂလိကကဏ္ဍများမှ ကူညီ ဆောင်ရွက်ပေးသွားမှသာ လူကုန်ကူး မှုများ လျော့နည်းလာနိုင်မည်ဖြစ် သည်။
လူကုန်ကူးခံရသောသူများအား ကာကွယ်စောင့်ရှောက်ရေးကဏ္ဍကို သီးခြားကဏ္ဍအနေဖြင့် ဆောင်ရွက် လျက်ရှိပြီး လူကုန်ကူးခံရသူများ သတင်းအချက်အလက် မျှဝေရာ စင်တာကို လူမှုဝန်ထမ်းဦးစီးဌာန တွင် ဖွင့်လှစ်ပေးနိုင်သည့်အတွက် လူကုန်ကူးခံရသူများအား နှစ်သိမ့် ဆွေးနွေးခြင်း၊ အခက်အခဲများကို ပြောဆိုနိုင်ခြင်း၊ အလုပ်အကိုင်များ ရှာဖွေပေးခြင်း၊ သားသမီးများ ပျောက်ဆုံးသည့် မိဘဆွေမျိုးများ၊ အုပ်ထိန်းသူများအား သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးနိုင်ခြင်းများကို ဆောင်ရွက်သော် လည်း ပိုမိုထိရောက်စေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အကူ အညီပေးမှု လိုအပ်နေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူး မှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်း များ၊ တာဝန်သိပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များ၏ အကူအညီဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော်လည်း လူကုန်ကူးမှု၊ လူမှောင်ခိုမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ လူကုန် ကူးမှု ၈၉ မှု ဖြစ်ပွားခဲ့ပြီး တရားခံ ပေါင်း ၂၆ဝ ရှိခဲ့ရာ ၁၇၂ ဦး ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။ တရုတ်၊ ထိုင်း၊ မလေးရှားနိုင်ငံများသို့ အများဆုံး ဖြစ်ခဲ့ပြီး အဓမ္မလက်ထပ်ခိုင်းစေမှု ၅ဝ၊ အဓမ္မခိုင်းစေမှု ၂၂ မှု၊ ပြည့်တန်ဆာပြုခိုင်းစေမှု ၁၅ မှု၊ ကလေးမွေးစားမှုတစ်မှု၊ ကလေး ရောင်းစားမှုတစ်မှု စုစုပေါင်း ၈၉ မှု ဖြစ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

သန်းဦး(လေးမျက်နှာ)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment