Sunday 22 March 2015

တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆရာဝန်နေရာလစ်လပ်နေသဖြင့် အမြန်ဖြည့်ဆည်းပေးရန် ဒေသခံများ လိုလားနေ =================

တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆရာဝန်နေရာလစ်လပ်နေသဖြင့် အမြန်ဖြည့်ဆည်းပေးရန် ဒေသခံများ လိုလားနေ ====================================== မိုးညှင်း မတ် ၂၃ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာ အုပ်စုရှိ ချောင်းဝကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်း များ ပြည့်စုံသော်လည်း ဆရာဝန်နေရာမှာ လစ်လပ်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဖြည့်ဆည်းနေရာချထားပေးရန် ဒေသခံပြည်သူ များက လိုလားနေကြောင်း သိရသည်။ ''အရင်က တစ်နေ့ကို အနည်းဆုံး လူနာ ငါးဦးလောက်ရှိပါတယ်။ အခု အချိန်မှာတော့ လူနာတွေများနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်း တော်ကြီးဒေသ ရွှေမဉ္ဇူဘုရားပွဲကြီးပြီးလို့ ပွဲပန်းပြီးနေမကောင်းဖြစ်ကြတဲ့လူနာတွေ၊ ရာသီဥတုအပြောင်းအလဲကြောင့် ဝမ်းလျှောဝမ်းပျက်ဖြစ်ကြတဲ့ လူနာတွေ၊ ထိခိုက်ရှနာဖြစ်တဲ့ လူနာတွေနဲ့ဆိုတော့ ဆေးရုံတက်ကုသနေကြရ တဲ့ လူနာတွေများနေပါတယ်။ ဒီနေ့မှာ အရေးပေါ်လူနာတွေက အလွန်များ နေလို့ လက်မလည်အောင် ကုသမှုတွေဆောင်ရွက်ပေးနေရပါတယ်။ အရင် နှစ်ကဆိုရင် လှည်းကြိတ်လို့ ဆေးရုံလာပြတဲ့လူနာ၊ အသည်းအသန်ဖြစ်နေတဲ့ ကလေးငယ်တွေကို ကုသပေးရာမှာ ဒီလိုလူနာမျိုးတွေကို သေချာစမ်းသပ်ပြီး ဒီဆေးရုံမှာ ကုသမယ်။ ဒါမှမဟုတ် ဒီဆေးရုံမှာကုသလို့ မဖြစ်နိုင်လောက် ဘူးလို့ထင်ရင် မြို့နယ်ဆေးရုံကို ပို့ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို တိုက် နယ်ဆရာဝန်ကသာ ဆုံးဖြတ်ရမှာကို ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေက စမ်းသပ်ဆုံးဖြတ်ပေးနေရတာမို့ အမှားအယွင်းတွေ ဖြစ်သွားမှာကို စိုးရိမ် ပါတယ်။ ဒီလိုအခြေအနေတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ လုံလောက် ပြည့်စုံနေပေမယ့် အဓိကအရေးပါတဲ့ တိုက်နယ်ဆရာဝန်တစ်ဦးက ရှိကိုရှိနေ ရမှာပါ။ ဒေသခံအများစုကလည်း ဒီဆေးရုံကို ဆရာဝန်တစ်ဦး အမြန်ဆုံး ခန့်ထားပေးဖို့ လိုလားနေကြပါတယ်''ဟု ချောင်းဝတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ ချောင်းဝကျေးရွာ တိုက်နယ်ဆေးရုံတွင် သူနာပြုဆရာမ တစ်ဦး၊ ကွန် ပေါင်ဒါ တစ်ဦး၊ ကျန်းမာရေးအထောက်အကူ တစ်ဦး၊ အထွေထွေလုပ်သား တစ်ဦး၊ ညစောင့်တစ်ဦးတို့ရှိနေသော်လည်း တိုက်နယ်ဆေးရုံဆရာဝန်နေရာ လစ်လပ်နေကြောင်း၊ အရေးပေါ်ကုသရမည့် လူနာများ၊ မြို့နယ်ဆေးရုံများသို့ လွှဲပြောင်းပေးပို့ရမည့် လူနာများ၊ အသည်းအသန်ဖြစ်နေသည့် လူနာများ အား ပြုစုစောင့်ရှောက်ခြင်းနှင့် လွှဲပြောင်းကုသမှုများ ပြုလုပ်ရာတွင် ဆုံးဖြတ်ပေးမည့် ဆရာဝန်မရှိသောကြောင့် ဝန်ထမ်းများနှင့် လူနာရှင်များ အခက်ကြုံနေရကြောင်း သိရသည်။

No comments:

Post a Comment